International News

ယာဉ်မောင်းများဆန္ဒပြမှုကြောင့် ဘယ်လ်ဂျီယံရှိ စူပါမားကတ်အချို့၌ ပစ္စည်းပြတ်လပ်မှု ဖြစ်ပေါ်ခဲ့ ခြင်းနှင့် ကုန်တင်ယာဉ်မောင်း အလုပ်အကိုင် (၅၀၀၀) ခန့်ခေါ်ယူလျက်ရှိခြင်း

Last Updated:

ကုန်တင်ယာဉ်မောင်းများ/သယ်ယူပို့ဆောင်ရေးဝန်ထမ်းများ ဆန္ဒပြမှုကြောင့် ဘယ်လ်ဂျီယံ နိုင်ငံရှိ Carrefour စူပါမားကတ်များနှင့် ယင်း၏ဆိုင်ခွဲများ၌ ကုန်ပစ္စည်းပြတ်လပ်မှုပြဿနာကို ကြုံတွေ့နေရကြောင်း၊ စူပါမားကတ်များ၌ ကုန်ပစ္စည်းပြတ်လပ်မှုကို ကာကွယ်တားဆီးနိုင်ရေး အတွက် ဘယ်လ်ဂျီယံနိုင်ငံက ကုန်တင်ယာဉ်မောင်းအလုပ်အကိုင်နေရာ (၅၀၀၀) ခန့် ရှာဖွေခေါ်ယူ လျက်ရှိကြောင်း  သိရပါသည်။ စူပါမားကတ်များ၌ ကုန်ပစ္စည်းများ အဆက်မပြတ်ဖြည့်တင်းနိုင်ရေး အတွက် ထရပ်ကားဒရိုင်ဘာများကို အလျင်အမြန် လိုအပ်နေကြောင်း Federation of Belgian Transport and Logistics Service Providers (FEBETRA) က ပြောကြားထားပါသည်။

ပို့ဆောင်ရေးနှင့်ထောက်ပံ့သယ်ယူရေးဆိုင်ရာကုမ္ပဏီ Kuehne+Nagel group သည် ဘယ်လ်ဂျီယံရှိ ယင်း၏ Logistics Nivelles site အား ၂၀၂၂ ခုနှစ်၊ ဆောင်းဉီးရာသီတွင် ပိတ်သိမ်းသွားမည်ဟု ကြေညာခဲ့ပြီးနောက် အလုပ်သမား (၅၄၉) ဉီးခန့် အလုပ်အကိုင်ဆုံးရှုံးမှုဖြစ်ပေါ်နိုင်သဖြင့် Logistics  လုပ်သားများက ဆန္ဒပြခဲ့ပါသည်။ ထို့ကြောင့် ဘယ်လ်ဂျီယံရှိ Carrefour စူပါမားကတ်များသို့ ကုန်ပစ္စည်းများ အချိန်မီထောက်ပံ့ဖြည့်ဆည်းနိုင်ခြင်းမရှိဘဲ ပစ္စည်းပြတ်လပ်မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

ဘယ်လ်ဂျီယံရှိ Carrefour စူပါမားကတ်နှင့် ဆိုင်ခွဲများအနေဖြင့် ကုန်ပစ္စည်းဖြည့်တင်းရေး အခက်အခဲများကို ရင်ဆိုင်နေရပြီး၊ ယင်းကြောင့် ၎င်းတို့၏ ပုံရိပ်ထိခိုက်ခြင်းနှင့် ဝင်ငွေဆုံးရှုံးခြင်းများ ဖြစ်ပေါ်မည်ကို စိုးရိမ်နေကြောင်းသိရပါသည်။ ဘယ်လ်ဂျီယံ၌ ထရပ်ကားဒရိုင်ဘာ သင်တန်း တက်ရောက်သူ အရေအတွက် သိသာစွာတိုးတက်လာကြောင်း၊ ယခုနှစ်အတွင်း လူဉီးရေ (၁၀၀၀) နီးပါးအား သင်တန်းပေးခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ အရေအတွက်မှာ ၂၀၂၀ ခုနှစ်ကထက် ပိုများခဲ့ကြောင်းလည်း သိရပါသည်။ 

 

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်မြို့)

ရင်းမြစ် - (The Brussels Times)

Category: International News